* အသက္ႀကီးတဲ့ မိဘေတြမွာ ျဖစ္ေလ့ ရွိတဲ့ မိဘမာန္ အေၾကာင္း . . *

(Zawgyiျဖင့္ ဖတ္ရန္)

“မိဘမာန္ ”

သက္ႀကီးမိဘ အိမ္မွာရွိေနရင္ အနည္းနဲ႔အမ်ားေတာ့ အတူေနတဲ့ သားသမီးနဲ႔ စကားမ်ားတတ္ၾကတယ္။ အဓိက ျဖစ္ရတဲ့အေၾကာင္းအရင္းက အိမ္ဦးခန္းမွာ တင္ၿပီး ေကြ်းထားလွ်က္နဲ႔ အေဖ အေမေတြက ေအးေအးေဆးေဆး ထိုင္မစားၾကဘူး။ သားသမီး ေတြျဖစ္ေစခ်င္တာက ေအးေအးလူလူ ဘုရား တရား လုပ္ၿပီး ၿငိမ္ၿငိမ္ေနေစခ်င္ၾကတယ္။

သက္ႀကီးရြယ္အိုေတြကလည္း တခ်က္ေလးမွ အၿငိမ္ မေနတတ္ၾကဘူး။ ေနာက္ေဖးဝင္လိုက္ အိမ္ေရွ႕ ထြက္လိုက္ ဟိုဟာဆိုလည္း စပ္ကနဲ ဝင္လုပ္လိုက္ ဒီဟာဆိုလဲ စပ္ကနဲ ဝင္ေျပာလိုက္ ….

ဝယ္ေပးထားတဲ့ အဝတ္အစားသစ္ေတြဆို ထုတ္မဝတ္ အႏွစ္ႏွစ္ အလလ ေဟာင္းႏြမ္းေနတဲ့ အဝတ္အစား ဂုတ္စုတ္ အႏုတ္စုတ္ေတြဆို ေအးလို႔ပါဆိုၿပီး ဝတ္၊ အိမ္တြင္းစီး ဖိနပ္ ဝယ္ေပးထားလည္း ေရခ်ိဳးခန္းသြားရင္ ေရာ္ဘာ ဖိနပ္ ေနာက္ၿမီးျပတ္နဲ႔ ေျပာလို႔ ဆိုလိုလည္းမရ ။

ေျပာလည္း နားမေထာင္ ခဏပဲ ေနာက္ေတာ့လည္း ေနၿမဲတိုင္း ….. ဧည့္သည္ေဆာင္သည္ လာရင္ေတာ့ ေရွ႕မွာ သားအမိ သားအဖ ျပံဳးျပလို႔ တည့္သေပါ့။ ျပန္သြားရင္ ရန္ျဖစ္ၿမဲ ပူညံၿမဲ ….. ။

နစ္နာသြားေလာက္ေအာင္ မဟုတ္ေပမယ့္ သားနဲ႔အဖ သမီးနဲ႔အမိ တကြိကြိနဲ႔ စကားေတြ က်ိတ္မ်ား တေစာင္းေစးနဲ႔ မ်က္ေခ်းလို ျဖစ္ေနတတ္ၾကတယ္ မဟုတ္လား ….။ ကိုယ့္လူတို႔ အိမ္မွာ မိသားစုထဲမွာမွ မဟုတ္ဘူးဗ်။

လမ္းထဲမွာ လူႀကီးေတြနဲ႔ အတူေန အိမ္ေထာင္စု ၁၀၀ ရွိရင္ အိမ္ေျခ ၉၀ ေက်ာ္ေလာက္က ဒီအတိုင္းပဲ ျဖစ္တတ္ၾကတယ္။ က်န္တဲ့ ၁၀ အိမ္ေလာက္က ေလျဖတ္ေနတဲ့ မိဘေတြ မသန္မစြမ္း ကိုယ္ျပဳစုမွ ရေတာ့မယ့္ လူနာေတြပဲ။

ဘာေၾကာင့္ ဒီလို လူႀကီးမိဘနဲ႔ သားသမီးေတြအၾကား ပဋိပကၡအငယ္စားေလးေတြ ျဖစ္ရသလဲဆိုေတာ့ …. မိဘအေၾကာင္း မေျပာခင္ ကိုယ့္လူတို႔ကိုယ္တိုင္ စဥ္းစားၾကည့္။ ခင္မ်ားတို႔မွာ သားသမီးရွိရင္ အဲဒီသားသမီးေတြကို ခ်စ္လား ကိုယ့္ကိုကိုယ္ ျပန္ေမးၾကည့္ ။ ခ်စ္တာေပါ့ဗ်။

ခင္ဗ်ားတို႔ စားရမယ့္ အစားအေသာက္ေတာင္ မစားပဲ သူတို႔ေကြ်းေမြးခ်င္ သူတို႔ေလးေတြ ဘဝတိုးတက္ေရး အတြက္ ခင္မ်ားတို႔ ေပးဆပ္ခ်င္တယ္ မဟုတ္လား။ ခင္မ်ားတို႔ မစားရ မဝတ္ရ မသံုးရရင္ ေနေပ့ေစေလ။

တစ္ခါတစ္ေလ အပိုးမက်ိဳး ေဒါင့္မက်ိဳး ခ်ိဳးလာရင္ တီးထည့္လိုက္ခ်င္တယ္ ဟုတ္ ….သူတို႔ဘဝ ေျဖာင့္မတ္ေစခ်င္လို႔ မဟုတ္လား။ ခိုင္းစားဖို႔ မဟုတ္ဘူးေလ …. ရွာထားသမွ် သူတို႔ေနာင္ေရး မဟုတ္လား။ ေအး အဲဒီ ခင္ဗ်ားတို႔ရဲ႕ ရင္ထဲမွာထားတဲ့ စိတ္ဓါတ္ကို မိဘမာန္ လို႔ေခၚတယ္။

ခင္ဗ်ားတို႔ အခု အသက္ ဘယ္ေလာက္ ရွိၿပီလဲ … ။ ေအး … ၃၀ ႏွစ္ – ၄၀ ႏွစ္ လို႔ ေျပာရင္ …. သူတို႔ရင္တြင္းမွာ ကိန္းဝပ္တည္လာတဲ့ မိဘမာန္ ဟာလည္း ခင္ဗ်ားတို႔ အသက္နဲ႔ ထပ္တူထပ္မွ်ပဲ။

လူဆိုတာ ဒီတိုင္း မေျပာင္းလဲပဲ ေနတာမွ မဟုတ္တာ။ အသက္အရြယ္အလိုက္ ဇရာဆိုတာ လႊဲေရွာင္လို႔ ရတာလိုက္လို႔။ ခင္မ်ားတို႔ေတာင္ ဆယ္ေက်ာ္သက္ ပ်ိဳမ်စ္ႏုနယ္တဲ့ အရြယ္က ေနၿပီး အိမ္ေထာင္ရက္သား က်လို႔ သားေတြသမီးေတြနဲ႔ မဟုတ္လား။

မိဘေတြ ဇရာဝင္ေတာ့ အိုၿပီေပါ့။ လုပ္ကိုင္ေနတဲ့ အလုပ္ေတြ လုပ္ငန္းကိုင္ငန္းေတြကေန ပင္စင္ယူ အနားေပးလိုက္ၾကပါေရာ။ ဒီေတာ့ သူတို႔မွာ နိစၥဒူဝ ႏွစ္ ၃၀ ေက်ာ္ လုပ္ခဲ့တဲ့ အလုပ္ႀကီး ရပ္သြားေရာ။ ဝင္ေငြလည္း မစို႔မပို႔အထိ ေလ်ာ့က်သြားပါေလေရာ။

ဒီထက္ဆိုးတာက က်င္လည္ေနရတဲ့ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းနဲ႔ အဆက္အဆံ ျပတ္သြားေတာ့ ေယာင္ခ်ာခ်ာျဖစ္ေနပါေရာ …. ။ ညအိပ္ယာဝင္ရင္ အိပ္မေပ်ာ္ၾကဘူးဗ်။

သူတို႔ တသက္လံုး ရွာေဖြ ေကြ်းေမြးၿပီး သားသမီးေတြက သူတို႔အေပၚ မွီခိုလာေတာ့ ရွိခဲ့တဲ့ မိဘမာန္ဟာ အခုအခ်ိန္မွာ သူတို႔ကို ဖိစီးေသာကေရာက္ေစသဗ်။

သူတို႔က သားသမီးေတြရဲ႕ ဝင္ေငြအေပၚ ျပန္မွီခိုရတဲ့ အေနအထားကို ေရာက္လာရင္ သူတို႔ရဲ႕ မသိစိတ္ ထဲကေနၿပီး အားငယ္ အားနာလာတယ္။ သူတို႔ကိုယ္သူတို႔ သားသမီးေတြအေပၚ သူတို႔ အတြက္နဲ႔ ဝန္ထုပ္ ဝန္ပိုး မျဖစ္ေစခ်င္ၾကဘူး။

ဒါေၾကာင့္ သူတို႔ဘက္က ခ်ိဳးခ်ံေခၽြတာတယ္။ သူတို႔အတြက္နဲ႔ သားသမီးေတြ အပို အကုန္အက် မမ်ားေစခ်င္ဘူး။ သားသမီးေတြကို အားျပန္နာ ေနေတာ့တယ္။

ဒီေတာ့ သူတို႔ကိုယ္သူတို႔ အတူေနတဲ့ မိသားစုထဲမွာ လူပိုအျဖစ္ သားသမီးေတြက မျမင္ေအာင္ တတ္ႏိုင္ တယ္လို႔ သူတို႔ထင္တဲ့အလုပ္ကို ပါဝင္ကူညီေပး တတ္တယ္။

ဒီေနရာမွာ စဥ္းစားၾကည့္ဗ်ာ သူတို႔ရဲ႕ ကိုယ္ခႏၶာက မစြမ္းေတာ့ေပမယ့္ စိတ္က ေဆာင္ေနေတာ့ သူတို႔ တတ္ႏိုင္မယ္လို႔ ထင္ရတဲ့ အိမ္တြင္းအလုပ္ေတြမွာ ဝင္လုပ္ေတာ့တာပါပဲ။ သားသမီး ရွာေဖြတဲ့ ေငြကို အလကားေနရင္း ထိုင္ျဖဳန္းတယ္လို႔ အထင္မခံႏိုင္တဲ့ မိဘမာန္ကိုး ….။

အသက္အရြယ္အရ စိတ္ကသာေဆာင္ေနတာ ကိုယ္ခႏၶာက မလိုက္ႏိုင္ေတာ့ လုပ္ရင္းတန္းလန္းနဲ႔ အလဲလဲ အကြဲကြဲေတြ ျဖစ္ကုန္ေရာ ….။ ဒီမွာတြင္ သားသမီးေတြက ဂ႐ုဏာေဒါသနဲ႔ ဆူပူ … မိဘေတြက ကြယ္ရာ အိပ္ယာထဲဝင္ၿပီး ပုတီးေလး စိတ္ရင္းနဲ႔ မ်က္ရည္က်ရပါေလေရာ ။

မိဘလည္း စိတ္ဆင္းရဲရတယ္။ ခင္ဗ်ားတို႔လည္း မိဘ မ်က္ရည္က်ေအာင္လုပ္ေတာ့ အလုပ္အကိုင္ ထစ္ေငါ့ တာေပါ့ဗ်ာ။ အသက္အရြယ္ရလာတဲ့ မိဘနဲ႔ အတူေနတဲ့အခါ သူတို႔ရဲ႕ပင္ကိုယ္စြမ္းအားကို နားလည္ပါ။

ကိုယ္ငယ္စဥ္ ဘဝတလွ်ာက္လံုးမွာ သူတို႔ဘာကို ခုံမင္ ႏွစ္ၿခိဳက္သလဲဆိုတာ စဥ္းစားပါ။ ဥပမာ ႏွစ္ေခ်ာင္းထိုး ထိုးတတ္တဲ့သူဆိုလည္း ကိုယ့္အတြက္ ဆြယ္တာ ေျမးေတြအတြက္ စတဲ့ အလုပ္တခုခုေပးျခင္းဟာ ငါတခုခု လုပ္ေပးႏိုင္ေသး ပါလား။ ငါ့မိသားစုအတြက္ အသံုးက်ေသးပါလား ဆိုတဲ့ သူတို႔ရဲ႕ မိဘမာန္ကို ျမႇင့္တင္ေပးရာ ေရာက္ ပါတယ္။

တရားအားထုတ္တယ္ဆိုတာ သူတို႔အရြယ္ သူတို႔ အသိနဲ႔ လုပ္တဲ့အလုပ္။ ခင္ဗ်ားတို႔က ဆရာသြား မလုပ္ၾကနဲ႔ဗ်။ သူတို႔ကိုအသိအမွတ္ျပဳတဲ့အေနနဲ႔ သူတို႔စိတ္ဝင္စားၿပီး သူတို႔အတြက္လည္ မပင္ပန္းမယ့္ အလုပ္မ်ိဳးကို သတ္သတ္မွတ္မွတ္ လုပ္ေပးထားရင္ အာရံုၿငိမ္ၿပီး အိမ္ေအးတာေပါ့ဗ်ာ။

အဓိက ေျပာခ်င္တာက ခင္မ်ားတို႔ရဲ႕ လက္ေတာက္ ေလာက္ သားသမီးေတြက ခင္ဗ်ားတို႔ကို ျပန္ေျပာရင္ ဘယ္လိုေနၾကမလဲ။ ဒါေတာင္ ခင္ဗ်ားတို႔ ေကြ်းေမြး ယုယ သုတ္သင္ျပဳစုထားတာတဲ့ ေလး ငါး ဆယ္ႏွစ္ အရြယ္ ကေလးေတြေနာ္။ အေဖကလည္း အေမ ကလည္း လုပ္လာရင္ ဘယ္ေလာက္စိတ္ဆိုးလဲ။

ေအး …. သူတို႔ အႏွစ္ သံုး ေလးဆယ္ ေကြ်းေမြးျပဳစု ပညာသင္ေပးခဲ့တဲ့ ခင္ဗ်ားတို႔က ခင္ဗ်ားႀကီးကလည္း ဆိုရင္ သူတို႔စိတ္ထဲ ဘယ့္ႏွယ္ေနမလဲ ….. ။ ကိုယ္ခ်င္းစာ စဥ္းစားၾကည့္ ….. ။ အဲတာ ” မိဘမာန္” လို႔ေခၚတယ္။

ကိုေဇာ္ ဘန္ေကာက္ ၁၅:၃၈ ၂၅/၀၉/၂၀၁၈

မိဘေက်းဇူး သိတတ္ျပီး. . ေအးခ်မ္းသာယာ ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ မိသားစုဘဝကို ပိုင္ဆိုင္နိုင္ျကသူေတြ ျဖစ္ျကပါေစဟု ဆုမြန္ျပုေပးလိုက္ပါတယ္ေနာ္. . ။

(Unicodeျဖင့္ ဖတ္ရန္)

“မိဘမာန် ”

သက်ကြီးမိဘ အိမ်မှာရှိနေရင် အနည်းနဲ့အများတော့ အတူနေတဲ့ သားသမီးနဲ့ စကားများတတ်ကြတယ်။ အဓိက ဖြစ်ရတဲ့အကြောင်းအရင်းက အိမ်ဦးခန်းမှာ တင်ပြီး ကျွေးထားလျှက်နဲ့ အဖေ အမေတွေက အေးအေးဆေးဆေး ထိုင်မစားကြဘူး။ သားသမီး တွေဖြစ်စေချင်တာက အေးအေးလူလူ ဘုရား တရား လုပ်ပြီး ငြိမ်ငြိမ်နေစေချင်ကြတယ်။

သက်ကြီးရွယ်အိုတွေကလည်း တချက်လေးမှ အငြိမ် မနေတတ်ကြဘူး။ နောက်ဖေးဝင်လိုက် အိမ်ရှေ့ ထွက်လိုက် ဟိုဟာဆိုလည်း စပ်ကနဲ ဝင်လုပ်လိုက် ဒီဟာဆိုလဲ စပ်ကနဲ ဝင်ပြောလိုက် ….

ဝယ်ပေးထားတဲ့ အဝတ်အစားသစ်တွေဆို ထုတ်မဝတ် အနှစ်နှစ် အလလ ဟောင်းနွမ်းနေတဲ့ အဝတ်အစား ဂုတ်စုတ် အနုတ်စုတ်တွေဆို အေးလို့ပါဆိုပြီး ဝတ်၊ အိမ်တွင်းစီး ဖိနပ် ဝယ်ပေးထားလည်း ရေချိုးခန်းသွားရင် ရော်ဘာ ဖိနပ် နောက်မြီးပြတ်နဲ့ ပြောလို့ ဆိုလိုလည်းမရ ။

ပြောလည်း နားမထောင် ခဏပဲ နောက်တော့လည်း နေမြဲတိုင်း ….. ဧည့်သည်ဆောင်သည် လာရင်တော့ ရှေ့မှာ သားအမိ သားအဖ ပြုံးပြလို့ တည့်သပေါ့။ ပြန်သွားရင် ရန်ဖြစ်မြဲ ပူညံမြဲ ….. ။

နစ်နာသွားလောက်အောင် မဟုတ်ပေမယ့် သားနဲ့အဖ သမီးနဲ့အမိ တကွိကွိနဲ့ စကားတွေ ကျိတ်များ တစောင်းစေးနဲ့ မျက်ချေးလို ဖြစ်နေတတ်ကြတယ် မဟုတ်လား ….။ ကိုယ့်လူတို့ အိမ်မှာ မိသားစုထဲမှာမှ မဟုတ်ဘူးဗျ။

လမ်းထဲမှာ လူကြီးတွေနဲ့ အတူနေ အိမ်ထောင်စု ၁၀၀ ရှိရင် အိမ်ခြေ ၉၀ ကျော်လောက်က ဒီအတိုင်းပဲ ဖြစ်တတ်ကြတယ်။ ကျန်တဲ့ ၁၀ အိမ်လောက်က လေဖြတ်နေတဲ့ မိဘတွေ မသန်မစွမ်း ကိုယ်ပြုစုမှ ရတော့မယ့် လူနာတွေပဲ။

ဘာကြောင့် ဒီလို လူကြီးမိဘနဲ့ သားသမီးတွေအကြား ပဋိပက္ခအငယ်စားလေးတွေ ဖြစ်ရသလဲဆိုတော့ …. မိဘအကြောင်း မပြောခင် ကိုယ့်လူတို့ကိုယ်တိုင် စဉ်းစားကြည့်။ ခင်များတို့မှာ သားသမီးရှိရင် အဲဒီသားသမီးတွေကို ချစ်လား ကိုယ့်ကိုကိုယ် ပြန်မေးကြည့် ။ ချစ်တာပေါ့ဗျ။

ခင်ဗျားတို့ စားရမယ့် အစားအသောက်တောင် မစားပဲ သူတို့ကျွေးမွေးချင် သူတို့လေးတွေ ဘဝတိုးတက်ရေး အတွက် ခင်များတို့ ပေးဆပ်ချင်တယ် မဟုတ်လား။ ခင်များတို့ မစားရ မဝတ်ရ မသုံးရရင် နေပေ့စေလေ။

တစ်ခါတစ်လေ အပိုးမကျိုး ဒေါင့်မကျိုး ချိုးလာရင် တီးထည့်လိုက်ချင်တယ် ဟုတ် ….သူတို့ဘဝ ဖြောင့်မတ်စေချင်လို့ မဟုတ်လား။ ခိုင်းစားဖို့ မဟုတ်ဘူးလေ …. ရှာထားသမျှ သူတို့နောင်ရေး မဟုတ်လား။ အေး အဲဒီ ခင်ဗျားတို့ရဲ့ ရင်ထဲမှာထားတဲ့ စိတ်ဓါတ်ကို မိဘမာန် လို့ခေါ်တယ်။

ခင်ဗျားတို့ အခု အသက် ဘယ်လောက် ရှိပြီလဲ … ။ အေး … ၃၀ နှစ် – ၄၀ နှစ် လို့ ပြောရင် …. သူတို့ရင်တွင်းမှာ ကိန်းဝပ်တည်လာတဲ့ မိဘမာန် ဟာလည်း ခင်ဗျားတို့ အသက်နဲ့ ထပ်တူထပ်မျှပဲ။

လူဆိုတာ ဒီတိုင်း မပြောင်းလဲပဲ နေတာမှ မဟုတ်တာ။ အသက်အရွယ်အလိုက် ဇရာဆိုတာ လွှဲရှောင်လို့ ရတာလိုက်လို့။ ခင်များတို့တောင် ဆယ်ကျော်သက် ပျိုမျစ်နုနယ်တဲ့ အရွယ်က နေပြီး အိမ်ထောင်ရက်သား ကျလို့ သားတွေသမီးတွေနဲ့ မဟုတ်လား။

မိဘတွေ ဇရာဝင်တော့ အိုပြီပေါ့။ လုပ်ကိုင်နေတဲ့ အလုပ်တွေ လုပ်ငန်းကိုင်ငန်းတွေကနေ ပင်စင်ယူ အနားပေးလိုက်ကြပါရော။ ဒီတော့ သူတို့မှာ နိစ္စဒူဝ နှစ် ၃၀ ကျော် လုပ်ခဲ့တဲ့ အလုပ်ကြီး ရပ်သွားရော။ ဝင်ငွေလည်း မစို့မပို့အထိ လျော့ကျသွားပါလေရော။

ဒီထက်ဆိုးတာက ကျင်လည်နေရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ အဆက်အဆံ ပြတ်သွားတော့ ယောင်ချာချာဖြစ်နေပါရော …. ။ ညအိပ်ယာဝင်ရင် အိပ်မပျော်ကြဘူးဗျ။

သူတို့ တသက်လုံး ရှာဖွေ ကျွေးမွေးပြီး သားသမီးတွေက သူတို့အပေါ် မှီခိုလာတော့ ရှိခဲ့တဲ့ မိဘမာန်ဟာ အခုအချိန်မှာ သူတို့ကို ဖိစီးသောကရောက်စေသဗျ။

သူတို့က သားသမီးတွေရဲ့ ဝင်ငွေအပေါ် ပြန်မှီခိုရတဲ့ အနေအထားကို ရောက်လာရင် သူတို့ရဲ့ မသိစိတ် ထဲကနေပြီး အားငယ် အားနာလာတယ်။ သူတို့ကိုယ်သူတို့ သားသမီးတွေအပေါ် သူတို့ အတွက်နဲ့ ဝန်ထုပ် ဝန်ပိုး မဖြစ်စေချင်ကြဘူး။

ဒါကြောင့် သူတို့ဘက်က ချိုးချံချွေတာတယ်။ သူတို့အတွက်နဲ့ သားသမီးတွေ အပို အကုန်အကျ မများစေချင်ဘူး။ သားသမီးတွေကို အားပြန်နာ နေတော့တယ်။

ဒီတော့ သူတို့ကိုယ်သူတို့ အတူနေတဲ့ မိသားစုထဲမှာ လူပိုအဖြစ် သားသမီးတွေက မမြင်အောင် တတ်နိုင် တယ်လို့ သူတို့ထင်တဲ့အလုပ်ကို ပါဝင်ကူညီပေး တတ်တယ်။

ဒီနေရာမှာ စဉ်းစားကြည့်ဗျာ သူတို့ရဲ့ ကိုယ်ခန္ဓာက မစွမ်းတော့ပေမယ့် စိတ်က ဆောင်နေတော့ သူတို့ တတ်နိုင်မယ်လို့ ထင်ရတဲ့ အိမ်တွင်းအလုပ်တွေမှာ ဝင်လုပ်တော့တာပါပဲ။ သားသမီး ရှာဖွေတဲ့ ငွေကို အလကားနေရင်း ထိုင်ဖြုန်းတယ်လို့ အထင်မခံနိုင်တဲ့ မိဘမာန်ကိုး ….။

အသက်အရွယ်အရ စိတ်ကသာဆောင်နေတာ ကိုယ်ခန္ဓာက မလိုက်နိုင်တော့ လုပ်ရင်းတန်းလန်းနဲ့ အလဲလဲ အကွဲကွဲတွေ ဖြစ်ကုန်ရော ….။ ဒီမှာတွင် သားသမီးတွေက ဂရုဏာဒေါသနဲ့ ဆူပူ … မိဘတွေက ကွယ်ရာ အိပ်ယာထဲဝင်ပြီး ပုတီးလေး စိတ်ရင်းနဲ့ မျက်ရည်ကျရပါလေရော ။

မိဘလည်း စိတ်ဆင်းရဲရတယ်။ ခင်ဗျားတို့လည်း မိဘ မျက်ရည်ကျအောင်လုပ်တော့ အလုပ်အကိုင် ထစ်ငေါ့ တာပေါ့ဗျာ။ အသက်အရွယ်ရလာတဲ့ မိဘနဲ့ အတူနေတဲ့အခါ သူတို့ရဲ့ပင်ကိုယ်စွမ်းအားကို နားလည်ပါ။

ကိုယ်ငယ်စဉ် ဘဝတလျှာက်လုံးမှာ သူတို့ဘာကို ခုံမင် နှစ်ခြိုက်သလဲဆိုတာ စဉ်းစားပါ။ ဥပမာ နှစ်ချောင်းထိုး ထိုးတတ်တဲ့သူဆိုလည်း ကိုယ့်အတွက် ဆွယ်တာ မြေးတွေအတွက် စတဲ့ အလုပ်တခုခုပေးခြင်းဟာ ငါတခုခု လုပ်ပေးနိုင်သေး ပါလား။ ငါ့မိသားစုအတွက် အသုံးကျသေးပါလား ဆိုတဲ့ သူတို့ရဲ့ မိဘမာန်ကို မြှင့်တင်ပေးရာ ရောက် ပါတယ်။

တရားအားထုတ်တယ်ဆိုတာ သူတို့အရွယ် သူတို့ အသိနဲ့ လုပ်တဲ့အလုပ်။ ခင်ဗျားတို့က ဆရာသွား မလုပ်ကြနဲ့ဗျ။ သူတို့ကိုအသိအမှတ်ပြုတဲ့အနေနဲ့ သူတို့စိတ်ဝင်စားပြီး သူတို့အတွက်လည် မပင်ပန်းမယ့် အလုပ်မျိုးကို သတ်သတ်မှတ်မှတ် လုပ်ပေးထားရင် အာရုံငြိမ်ပြီး အိမ်အေးတာပေါ့ဗျာ။

အဓိက ပြောချင်တာက ခင်များတို့ရဲ့ လက်တောက် လောက် သားသမီးတွေက ခင်ဗျားတို့ကို ပြန်ပြောရင် ဘယ်လိုနေကြမလဲ။ ဒါတောင် ခင်ဗျားတို့ ကျွေးမွေး ယုယ သုတ်သင်ပြုစုထားတာတဲ့ လေး ငါး ဆယ်နှစ် အရွယ် ကလေးတွေနော်။ အဖေကလည်း အမေ ကလည်း လုပ်လာရင် ဘယ်လောက်စိတ်ဆိုးလဲ။

အေး …. သူတို့ အနှစ် သုံး လေးဆယ် ကျွေးမွေးပြုစု ပညာသင်ပေးခဲ့တဲ့ ခင်ဗျားတို့က ခင်ဗျားကြီးကလည်း ဆိုရင် သူတို့စိတ်ထဲ ဘယ့်နှယ်နေမလဲ ….. ။ ကိုယ်ချင်းစာ စဉ်းစားကြည့် ….. ။ အဲတာ ” မိဘမာန်” လို့ခေါ်တယ်။

ကိုဇော် ဘန်ကောက် ၁၅:၃၈ ၂၅/၀၉/၂၀၁၈

မိဘကျေးဇူး သိတတ်ပြီး. . အေးချမ်းသာယာ ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြသူတွေ ဖြစ်ကြပါစေဟု ဆုမွန်ပြုပေးလိုက်ပါတယ်နော်. . ။