အသာတၾကည္ အဖမ္းခံေနတဲ့သူကုိ လူျမင္ကြင္းမွာ ရုိက္ႏွက္တာ က်င့္ဝတ္နဲ႔ ညီရဲ႕လား. . (ရုပ္သံ ျကည့္ရန္)

(Zawgyiျဖင့္ ဖတ္ရန္)

ၾကမၼာငင္လာၿပီဆိုရင္ ဘယ္သူမွ မကယ္ႏိုင္ေတာ့ဘူး။ သတင္းေတြဖတ္ရတာ စိတ္လည္း မေကာင္းဘူး။ လူငယ္အဆိုေတာ္တစ္ေယာက္ ေဆးျပားအနည္းငယ္နဲ႔ မိတဲ့ကိစၥ။

မူးယစ္ေဆး တရားလည္း မေဟာခ်င္ပါဘူး။ ေလာကမွာ လူဆိုတာ ကိုယ့္တရားကိုယ္စီရင္ၾကတာမ်ိဳးမဟုတ္လား။ ေအာင္ျမင္စ အဆိုေတာ္… အဲ့ဒါက သိပ္အံ့ၾသစရာမရွိ၊ ျဖစ္ေလ့ျဖစ္ထရွိတယ္မဟုတ္လား။

ဒါေပမယ့္ ဆရာဝန္တစ္ဦးျဖစ္တဲ့အတြက္ သုံးစြဲတယ္ဆိုတာ ဟုတ္မွ ဟုတ္ပါ့မလား မ်က္ႏွာလိုက္ ေတြးမိတယ္။ ေဘးလူကိုယ္ေပၚက ေတြ႕တာလို႔လည္း ဖတ္ရတယ္။ ကိုယ္လုပ္လို႔ ကိုယ္ခံရတာ ျပသနာမရွိေပမယ့္ မလုပ္ဘဲ ခံရရင္ေတာ့ စိတ္မေကာင္းစရာပါပဲ။

သတင္းေပး တိုင္တန္းခ်က္အရဆိုတဲ့စကားကိုေတာ့ အေတာ္တုန္လႈပ္တယ္။ ေလာကမွာ ဘယ္သူကမွ ယုံၾကည္စရာ မေကာင္းဘူး။ လက္ခုတ္တီးတဲ့လက္ေတြဟာ ေနာက္ေက်ာကထိုးတဲ့ဓါးရဲ႕လက္ပိုင္ရွင္လည္း ျဖစ္တတ္ၾကတာပဲ။ ဘာမဟုတ္တဲ့ ေဆးျပားေလးေပါက္စနနဲ႔ မတန္လိုက္တာလို႔ပဲ ေျပာရေတာ့မယ္။

သတင္းေပးလို႔ပဲဖမ္းဖမ္း၊ ဘယ္လိုပဲ ဖမ္းဖမ္းေပါ့ေလ။ ဖမ္းတဲ့လူကလည္း သူ႔အလုပ္သူလုပ္တယ္ေပါ့။ ဘဝင္မက်တာ တစ္ခုက ဖမ္းတာကို လက္ခံေပမယ့္ လူျမင္ကြင္းမွာ မ်က္ႏွာကို ႐ိုက္ႏွက္တာ၊ ထိုးတာမ်ိဳးကို ဗီဒီယိုဖိုင္မွာ ျမင္ရတယ္။

ခုခံေနတဲ့ အေျခအေနဆိုရင္ေတာ့ ေသနတ္နဲ႔ပဲ ပစ္ဖမ္းဖမ္းပါ၊ ခုခံေနတဲ့အေနအထားမ်ိဳးလည္း မဟုတ္ဘဲ လူျမင္ကြင္းမွာေတာင္ ေဘတာက် အေတာ္ ရင္ထဲမေကာင္းဘူး။ အထိုးခံရသူ ဘယ္သူမွန္းလည္း မသိပါဘူး။

ဒါေပမယ့္ ေဆးသုံးစြဲရင္ သုံးစြဲမႈနဲ႔ အျပစ္ေပးပါ။ လူျမင္ကြင္းမွာ ႐ိုက္ရႏွက္ရေအာင္ လူတိုင္းမွာ လူ႔အခြင့္အေရးနဲ႔ လူ႔ဂုဏ္သိကၡာဆိုတာ ရွိပါတယ္။ အေတာ္ျမင္မေကာင္းတဲ့ လုပ္ရပ္ပါပဲ။

မူးယစ္ေဆးမႈကို အဆိုေတာ္မို႔ ကာကြယ္ေျပာဆိုေနတာ မဟုတ္ဘူး။ တကယ္သုံးစြဲတယ္၊ တကယ္လက္ဝယ္မိတယ္ဆိုရင္ေတာ့ ပရိတ္သတ္တစ္ေယာက္အေနနဲ႔ စိတ္မေကာင္း႐ုံက လြဲရင္ သူ႔အျပစ္သူခံပါပဲ။

ဒါေပမယ့္ထုတ္လုပ္သူျဖန႔္ခ်ီသူေတြ၊ လက္ႀကီးသမားေတြ၊ ကြန္တိန္နာလိုက္ သမေနတဲ့ လူေတြက် လြတ္ေနၿပီး ေဆးေျခာက္တစ္က်ပ္သား၊ ေဆးျပားဆယ္ျပားေလာက္နဲ႔ ဘဝပ်က္ေနၾကရတာ ဘယ္လိုမွ မတန္ဘူး။ (Candy ဘာညာ ၾကားေပမယ့္ အေျဖထြက္တဲ့အထိ ေစာင့္ၾကည့္႐ုံသာ ရွိမယ္)

အမ်ားႀကီးလုပ္ရင္ လြတ္တယ္၊ နည္းနည္းေလးလုပ္ရင္ ဖမ္းမယ္၊ အဲ့ေတာ့ မ်ားမ်ားလုပ္ဆိုတဲ့ မက္ေဆ့ခ်္အလြဲႀကီးကို လူေတြရင္ထဲ ထည့္ေပးေနသလို ျဖစ္ေနၿပီ။ တရားဥပေဒက တေျပးညီစိုးမိုးမယ္ဆိုရင္ အထြန႔္တက္စရာ၊ ေၾကးတိုင္းစရာ ဘာမွမရွိ။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာေနတာ အဆင္မေျပဘူး။

တစ္ေခါက္က ၾကားမိပါတယ္။ သုံးစြဲသူအဆင့္ကို လူမႈေရးျပစ္ဒဏ္ပဲ ခ်မွတ္မယ္ဆိုတာ။ အေကာင္အထည္မေပၚေသးဘူးလားေတာ့ မသိ။ လူဆိုတာ မွားတတ္ပါတယ္။ အမွားကို ျပန္လည္ျပင္ဆင္ခြင့္ေပးတာက သူတို႔ဘဝကို ေထာင္ထဲထည့္ သိမ္းထားလိုက္တာထက္ ျဖစ္သင့္တဲ့အရာလို႔ ျမင္ပါတယ္။

ထုတ္လုပ္သူ၊ ျဖန္႔ျဖဴးသူ၊ ေရာင္းဝယ္ေဖာက္ကားသူေတြကို ထိထိေရာက္ေရာက္ အေရးယူေပးၾကပါ။ ေစ်းေပါေပါနဲ႔ လက္လွမ္းမွီမွီရေနသေ႐ြ႕ သုံးစြဲသူအဆင့္ကို ဖမ္းတဲ့လူသာ ေမာေသမယ္၊ ေလ်ာ့က် ပေပ်ာက္စရာ အေၾကာင္းမွ မရွိဘူးဆိုတာ လက္ခံေပးၾကပါ။ ကိုင္းဖ်ားေတြ ခ်ိဳင္ၿပီး ေရေသာက္ျမစ္ မျဖတ္သေ႐ြ႕ ဒီအဆိပ္ပင္ႀကီး ဘယ္ေတာ့မွ ေသမွာ မဟုတ္ဘူး။အိပန္ဆယ္လို

(ရုပ္သံ ျကည့္ရန္)

(Unicodeျဖင့္ ဖတ္ရန္)

ကြမ္မာငင်လာပြီဆိုရင် ဘယ်သူမှ မကယ်နိုင်တော့ဘူး။ သတင်းတွေဖတ်ရတာ စိတ်လည်း မကောင်းဘူး။ လူငယ်အဆိုတော်တစ်ယောက် ဆေးပြားအနည်းငယ်နဲ့ မိတဲ့ကိစ္စ။

မူးယစ်ဆေး တရားလည်း မဟောချင်ပါဘူး။ လောကမှာ လူဆိုတာ ကိုယ့်တရားကိုယ်စီရင်ကြတာမျိုးမဟုတ်လား။ အောင်မြင်စ အဆိုတော်… အဲ့ဒါက သိပ်အံ့သြစရာမရှိ၊ ဖြစ်လေ့ဖြစ်ထရှိတယ်မဟုတ်လား။

ဒါပေမယ့် ဆရာဝန်တစ်ဦးဖြစ်တဲ့အတွက် သုံးစွဲတယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား မျက်နှာလိုက် တွေးမိတယ်။ ဘေးလူကိုယ်ပေါ်က တွေ့တာလို့လည်း ဖတ်ရတယ်။ ကိုယ်လုပ်လို့ ကိုယ်ခံရတာ ပြသနာမရှိပေမယ့် မလုပ်ဘဲ ခံရရင်တော့ စိတ်မကောင်းစရာပါပဲ။

သတင်းပေး တိုင်တန်းချက်အရဆိုတဲ့စကားကိုတော့ အတော်တုန်လှုပ်တယ်။ လောကမှာ ဘယ်သူကမှ ယုံကြည်စရာ မကောင်းဘူး။ လက်ခုတ်တီးတဲ့လက်တွေဟာ နောက်ကျောကထိုးတဲ့ဓါးရဲ့လက်ပိုင်ရှင်လည်း ဖြစ်တတ်ကြတာပဲ။ ဘာမဟုတ်တဲ့ ဆေးပြားလေးပေါက်စနနဲ့ မတန်လိုက်တာလို့ပဲ ပြောရတော့မယ်။

သတင်းပေးလို့ပဲဖမ်းဖမ်း၊ ဘယ်လိုပဲ ဖမ်းဖမ်းပေါ့လေ။ ဖမ်းတဲ့လူကလည်း သူ့အလုပ်သူလုပ်တယ်ပေါ့။ ဘဝင်မကျတာ တစ်ခုက ဖမ်းတာကို လက်ခံပေမယ့် လူမြင်ကွင်းမှာ မျက်နှာကို ရိုက်နှက်တာ၊ ထိုးတာမျိုးကို ဗီဒီယိုဖိုင်မှာ မြင်ရတယ်။

ခုခံနေတဲ့ အခြေအနေဆိုရင်တော့ သေနတ်နဲ့ပဲ ပစ်ဖမ်းဖမ်းပါ၊ ခုခံနေတဲ့အနေအထားမျိုးလည်း မဟုတ်ဘဲ လူမြင်ကွင်းမှာတောင် ဘေတာကျ အတော် ရင်ထဲမကောင်းဘူး။ အထိုးခံရသူ ဘယ်သူမှန်းလည်း မသိပါဘူး။

ဒါပေမယ့် ဆေးသုံးစွဲရင် သုံးစွဲမှုနဲ့ အပြစ်ပေးပါ။ လူမြင်ကွင်းမှာ ရိုက်ရနှက်ရအောင် လူတိုင်းမှာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာဆိုတာ ရှိပါတယ်။ အတော်မြင်မကောင်းတဲ့ လုပ်ရပ်ပါပဲ။

မူးယစ်ဆေးမှုကို အဆိုတော်မို့ ကာကွယ်ပြောဆိုနေတာ မဟုတ်ဘူး။ တကယ်သုံးစွဲတယ်၊ တကယ်လက်ဝယ်မိတယ်ဆိုရင်တော့ ပရိတ်သတ်တစ်ယောက်အနေနဲ့ စိတ်မကောင်းရုံက လွဲရင် သူ့အပြစ်သူခံပါပဲ။

ဒါပေမယ့်ထုတ်လုပ်သူဖြန့်ချီသူတွေ၊ လက်ကြီးသမားတွေ၊ ကွန်တိန်နာလိုက် သမနေတဲ့ လူတွေကျ လွတ်နေပြီး ဆေးခြောက်တစ်ကျပ်သား၊ ဆေးပြားဆယ်ပြားလောက်နဲ့ ဘဝပျက်နေကြရတာ ဘယ်လိုမှ မတန်ဘူး။ (Candy ဘာညာ ကြားပေမယ့် အဖြေထွက်တဲ့အထိ စောင့်ကြည့်ရုံသာ ရှိမယ်)

အများကြီးလုပ်ရင် လွတ်တယ်၊ နည်းနည်းလေးလုပ်ရင် ဖမ်းမယ်၊ အဲ့တော့ များများလုပ်ဆိုတဲ့ မက်ဆေ့ချ်အလွဲကြီးကို လူတွေရင်ထဲ ထည့်ပေးနေသလို ဖြစ်နေပြီ။ တရားဥပဒေက တပြေးညီစိုးမိုးမယ်ဆိုရင် အထွန့်တက်စရာ၊ ကြေးတိုင်းစရာ ဘာမှမရှိ။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနေတာ အဆင်မပြေဘူး။

တစ်ခေါက်က ကြားမိပါတယ်။ သုံးစွဲသူအဆင့်ကို လူမှုရေးပြစ်ဒဏ်ပဲ ချမှတ်မယ်ဆိုတာ။ အကောင်အထည်မပေါ်သေးဘူးလားတော့ မသိ။ လူဆိုတာ မှားတတ်ပါတယ်။ အမှားကို ပြန်လည်ပြင်ဆင်ခွင့်ပေးတာက သူတို့ဘဝကို ထောင်ထဲထည့် သိမ်းထားလိုက်တာထက် ဖြစ်သင့်တဲ့အရာလို့ မြင်ပါတယ်။

ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းဝယ်ဖောက်ကားသူတွေကို ထိထိရောက်ရောက် အရေးယူပေးကြပါ။ ဈေးပေါပေါနဲ့ လက်လှမ်းမှီမှီရနေသရွေ့ သုံးစွဲသူအဆင့်ကို ဖမ်းတဲ့လူသာ မောသေမယ်၊ လျော့ကျ ပပျောက်စရာ အကြောင်းမှ မရှိဘူးဆိုတာ လက်ခံပေးကြပါ။ ကိုင်းဖျားတွေ ချိုင်ပြီး ရေသောက်မြစ် မဖြတ်သရွေ့ ဒီအဆိပ်ပင်ကြီး ဘယ်တော့မှ သေမှာ မဟုတ်ဘူး။အိပန်ဆယ်လို