ကမ္ဘာ့သမိုင်းဝင် နန်းတော်ကြီးများ

unicode

ဒီတစ်ခါမှာတော့ ကမ္ဘာ့သမိုင်းဝင် နန်းတော်ကြီးတွေနဲ့ပတ်သက်လို့ စုဆောင်းရှာဖွေ တင်ပြလိုက်ရပါတယ်။ ဒီနန်းတော်ကြီးတွေဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် တည်ရှိခဲ့ပြီး လက်ရှိအချိန်မှာ မပျက်မစီးဘဲ ကျန်ရစ်လျက်ရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်များလည်းဖြစ်ပါတယ်။

ဒီအဆောက်အအုံတွေဟာ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံတွေအဖြစ် မှတ်တမ်းတင်လျက်ရှိနေပါတယ်။ အဆိုပါနန်းတော်ကြီးတွေထဲက သင့်တော်ရာစာရင်းတွေကို စုစည်းပြီး ဖော်ပြလိုက်ရပါတယ်။

၁။ Palace of the Parliament

ကမ္ဘာပေါ်မှာ အကြီးဆုံးနန်းတော်ကြီးကတော့ ဥရောပတိုက် ရိုမေးနီးယားနိုင်ငံမှာတည်ရှိတဲ့ Place of the Parliament ဖြစ်ပြီး စတုရန်းမီတာ ၃၃၀၀၀၀ လောက်ကျယ်ဝန်းကာ ကမ္ဘာ့အကြီးဆုံးနဲ့ တန်ကြေးအကြီးဆုံး အုပ်ချုပ်ရေးအဆောက်အအုံအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

နာမည်ကျော်ရိုမေးနီးယား ကွန်မြူနစ် ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Nicolae Ceausescu နေထိုင်ရန်ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး ရည်ရွယ်သူကွန်မြူနစ်ခေါင်းဆောင်ကြီးကတော့ ၁၉၈၉ ခုနှစ် ရိုမေးနီးယားတော်လှန်ရေးကာလအတွင်းမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

Palace of the Parliament အဆောက်အအုံဟာ ယနေ့ချိန်မှာတော့ ရိုမေးနီးယားရဲ့ လွှတ်တော်အဆောက်အအုံအဖြစ်ရှိနေပြီး ပြတိုက်များစွာပါဝင်နေပါတယ်။ ဒါပေမဲ့ Palace of the Parliament ရဲ့ အခန်းပေါင်း ၇၀ ရာခိုင်နှုန်းလောက်ကတော့ တည်ရှိရာမြို့တော် ဘူခါရက်ရဲ့ ဓာတ်အားဖြန့်ဝေမှုကို ချွေတာ တဲ့အနေနဲ့ အသုံးပြုခြင်းမရှိပါဘူး။

ဒီလိုမှ မချွေတာရင်တော့ အဆောက်အအုံတစ်ခုလုံးရဲ့ အပူစနစ်၊ လျှပ်စစ်အသုံးအဆောင်များ၊ လျှပ်စစ်မီးစရိတ်အနေနဲ့တင် တစ်နှစ်ကို ဒေါ်လာ ၆ သန်းခန့်ကုန်ကျမှာဖြစ်ပါတယ်။ အထပ်ပေါင်း ၁၂ ထပ်၊ အခန်းပေါင်း ၁၁၀၀ ခန့်ပါဝင်တဲ့ ဒီနန်းတော်ကြီးရဲ့ ၂၀၀၈ ခုနှစ်တုန်းက သတ်မှတ်ခဲ့တဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံဖြစ်ပါတယ်။

၂။ Hofburg Palace

သမိုင်းမှာထင်ရှားခဲ့တဲ့ ဩစတြီးယားအင်ပါယာရဲ့ ဆောင်းရာသီနန်းတော်လို့ နာမည်ကျော်တဲ့ Hofburg Palace ကို ၁၃ ရာစုအတွင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး Austro-Hungarian အင်ပါယာ အုပ်စိုးခဲ့တဲ့ ကာလမှာလည်း တိုးချဲ့တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယခုချိန်မှာဆိုရင်တော့ Hofburg Palace ဟာ ဩစတြီးယားသမ္မတရဲ့ ရုံးခန်းသာမက တရားဝင်နေထိုင်ရာနေရာအဖြစ်လည်း ရှိနေတာဖြစ်ပါတယ်။ Hofburg Palace ဟာ အခန်းပေါင်း ၂၆ဝဝ လောက်ပါရှိပြီး စတုရန်းမီတာ ၂၄၀၀၀၀ လောက်အကျယ်ရှိကာ မြို့တော် ဗီယင်နာမှာတည်ရှိပါတယ်။

Hofburg Palace တည်ရှိရာ Complex အတွင်းမှာပဲ Spanish Riding School, The Burg Theatre, The Imperial Chapel နဲ့ များစွာသောပြတိုက်တွေတည်ရှိလို့နေပါတယ်။

၃။ Louvre Palace

ကမ္ဘာပေါ်က တတိယမြောက်အကြီးဆုံး နန်းတော်ကြီးအဖြစ် သတ်မှတ်ထားတဲ့ Louvre Palace ဟာ ပြင်သစ်နိုင်ငံ စိန်းမြစ်ကမ်းပေါ်မှာ တည်ရှိနေပါတယ်။ ယခုအချိန် မှာတော့ အနုပညာပြခန်းတစ်ခုဖြစ်ပြီး ပြင်သစ်ပြည်ကို စိုးစံခဲ့တဲ့ဘုရင်တွေ အခြေချနေထိုင်ဖူးတဲ့နန်းတော် တွေအနက်က တစ်ခုလည်းဖြစ်ပါတယ်။

၁၅၄၆ခုနှစ် မှာ တည်ဆောက်ခဲ့တဲ့ ဒီနန်းတော်ကြီးဟာ တော်ဝင် နန်းတော်ကြီးအဖြစ် ၁၆ ရာစုအတွင်းက ချား(၅) ဘုရင်နဲ့ လူးဝစ် (၁၄) ဘုရင်တို့ လက်ထက်အထိရှိနေခဲ့ပြီး ၁၆၇၈ ခုနှစ်မှာ လူးဝစ်(၁၄) ဘုရင် Versailles ကို ပြောင်းရွှေ့ချိန်ရောက်မှ တော်ဝင်နန်းတော်ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့ရပါတယ်။

Louvre Palace ဟာ စတုရန်းမီတာ ၂၁၀၀၀၀ လောက် ကျယ်ဝန်းပြီး အတွင်းမှာတော့ ခေတ်ဟောင်းပိုင်းနဲ့ ၁၉ ရာစုအချိန်က တည်ဆောက်ခဲ့တဲ့ ခေတ်သစ်အပိုင်းဆိုပြီး ၂ ပိုင်း ခွဲခြားထားပါတယ်။ ဒါ့အပြင် ၂၁ ရာစုအတွင်းမှာ လည်း Louvre Palace ကို တိုးချဲ့တည်ဆောက်မှု များစွာ ဆက်လက်ပြုလုပ်ခဲ့ပါသေးတယ်။

၄။ Ak Saray

Ak Saray ဟာ ၂၀၁၄ ခုနှစ်ကတည်းက တူရကီသမ္မတ တရားဝင်နေထိုင်ရာအိမ်တော်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး မူလကတော့ သမ္မတအာဒိုဂန်ရဲ့ သမ္မတရုံးအဖြစ် ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အဆောက်အအုံဆောက်လုပ်ခွင့်ချထားပေးခြင်းမရှိတဲ့ တူရကီနဲ့ မြို့တော် အန်ကာရာ Ataturk သစ်တော နယ်မြေအတွင်း တည်ဆောက်ထားတာဖြစ်ပါတယ်။ ယင်းနန်းတော်ကြီးဟာ ၂၀၁၆ ခုနှစ် အတွင်းကတော့ မအောင်မြင်တဲ့ ဗုံးဖောက်ခွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ ပါသေးတယ်။

စတုရန်းမီတာ ၂၀၀ဝ၂ဝ ကျယ်ဝန်းတဲ့ ဒီနန်းတော်ကြီးမှာ အခန်းပေါင်း ၁၁၅၀ ပါဝင်နေပါတယ်။ ဒီနန်းတော်ကြီးရဲ့ တည်ဆောက်မှုကုန်ကျစရိတ်ကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမဲ့ နားလည်သူတွေရဲ့ တွက်ချက်မှုအရတော့ အမေရိကန် ဒေါ်လာ သန်း ၆ဝဝ ထက် မနည်းကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

၅။ Istana Nurul Iman

အရှေ့တောင်အာရှက ဘရူနိုင်းနိုင်ငံမှာတည်ရှိတဲ့ နာမည်ကျော်နန်းတော်ကြီး Istana Nurul Iman ဟာဆိုရင် ဘရူနိုင်းဘုရင် စူလတန်တရားဝင်နေထိုင်ရာအရပ်ဖြစ်ပြီး စတုရန်းမီတာ ၂၀၀၀၀၀ လောက် ကျယ်ဝန်းပါတယ်။

ဒါ့အပြင် ဘရူနိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ တရားဝင်ရုံးစိုက်ရာနေရာလည်းဖြစ်ကာ ၁၉၈၄ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ Istana Nurul Iman အတွင်းမှာ အခန်းပေါင်း ၁၇၈၈ ခန်းလောက်ပါဝင်နေပြီး လူ ၁၅၀၀ လောက်တစ်ကြိမ် တည်းဝတ်ပြုနိုင်တဲ့ဗလီနဲ့ မော်တော်ကားစီးရေ ၁ဝဝ ဆံ့ ကားဂိုဒေါင်တွေလည်း ပါဝင်တည်ဆောက်ထားပါတယ်။

ဒီနန်းတော်ကြီးကို ဗြိတိန်ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Ayala Abbots and Butters က တည်ဆောက်ပေးခဲ့တာဖြစ်ပြီး မြေအောက်ခန်းတွေ အပါအဝင် အထပ်ပေါင်း ၁၇ ထပ်ရှိကာ ကုန်ကျစရိတ် အနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကုန်ကျခဲ့ပါတယ်။

၆။ Apostolic Palace

ဗာတီကန်စီးတီးမှာတည်ရှိတဲ့ Apostolic Palace ဟာ စတုရန်းမီတာ ၁၆၂၀၀၀ လောက် ကျယ်ဝန်းပြီး ပုပ်ရဟန်းမင်းကြီးနေထိုင်ရာအရပ် ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး နန်းစိုက်ရာနေရာ ဖြစ်တာနဲ့အညီ Holy See နဲ့ Catholic Church အခန်းတွေအပြင် ဗာတီကန်စာကြည့်တိုက်နဲ့ပြတိုက် တွေဟာလည်း ယင်း Apostolic Palace အတွင်းမှာ ပဲရှိနေပါတယ်။

ယင်းနန်းတော်အတွင်းမှာပဲ Sistine Chapel (ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် သီးသန့် ဝတ်ပြုဆုတောင်းရန်နေရာ) မှာဆိုရင် နာမည်ကျော် အင်္ဂတေပန်းချီလက်ရာတွေဖြစ်တဲ့ Michelangelo နဲ့ Sandro Botticelli လက်ရာတွေကို လေ့လာကြည့် နိုင်ပါတယ်။

ဒါ့အပြင် Sistine Chapel ဟာဆိုရင် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်ရာနေရာလည်း ဖြစ်ပါတယ်။ ဒီနန်းတော်ကြီးကိုတော့ ၁၅၈၉ ခုနှစ် ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

Credit-Author:ရဲမာန်ခ
Source:world ancient palace daily mail,Thutazone